ထပ်လွမ်စေတီ (Pha That Luang)

Saturday, December 25, 2010 by: တောင်ပြာတန်းနဲ့မွေးရပ်မြေ


          ထပ်လွမ်စေတီတော်ဟာ လာအိုနိုင်ငံရဲ့ နိုင်ငံတော် မျက်နှာစာ တစ်ခုလို့ ဆိုရပါမယ်။ နိုင်ငံတော် တံဆိပ်၊ အထိမ်းအမှတ် တံဆိပ် စသဖြင့် စသဖြင့်သော ခမ်းနား ကြီးကျယ်တဲ့ အမှတ်အသား အများစုမှာ ထပ်လွမ်စေတီတော် ပုံကို ထည့်သွင်းဖော်ပြ ထားတာ တွေ့ရပါတယ်။ 
          စေတီတော်ကို လုံးတော်ပြည့် ရွှေဆေးသင်္ကန်းဖြင့် ပူဇော်ထားပြီး ဘုရားရင်ပြင် ကိုတော့ မျက်ခင်းအနေဖြင့် တွေ့မြင်ရမှာ ဖြစ်ပါတယ်။ လာအိုနိုင်ငံသားတွေဟာ အလယ် ပစ္စယံအထိ ဖိနပ်စီးပြီး သွားလာတာကို တွေ့ရပါတယ်။ သို့သော်လည်း ပွဲတော် ရက်တွေမှာ တော့ ဘောင်းဘီတို စကပ်တိုနဲ့ လာတဲ့ အမျိုးသမီးတွေကို ဘုရင်းဝင်းထဲ့ ၀င်ခွင့် မပြုပါဘူး။ ဘုရားပွဲကိုတော့ နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့၊ လာအိုပြက္ခဒိန် Twelfth lunar လပြည့်နေ့မှာ ကျင်းပပြီး နိုင်ငံတော် ဗုဒ္ဓပူဇနိယပွဲ အဖြစ် သမ္မတပါ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို တက်ရောက်ပါတယ်။ ဘုရားပွဲကိုတော့ မနက် (၁)နာရီလောက်ကနေ စတယ်လို့ သိရပါတယ်။





          ဘုရားပွဲဈေးကတော့ ဘုရားပွဲ မကျင်းပမှီ တစ်လအလိုလောက် ကတည်းက ကလေး ကစားကွင်းများနဲ့ အတူ စည်းစည်းကားကား တွေ့ရှိရပါတယ်။ ထူးခြားတာကတော့ ဘုရားပွဲ ဈေးဆိုပေမယ့်လဲ ဇိမ်ခံကားတွေပါ လာရောက် ပြသရောင်းချတာကို တွေ့ရပါတယ်။ ပျော်ပွဲ ရွှင်ပွဲအနေနဲ့ ကုမ္ပဏီတွေရဲ့ စပွန်ပေးမှုနဲ့ ဖျော်ဖြေတင်ဆက် ကပြမှုများ၊ ကုမ္ပဏီအရောင်းဆိုင် များမှာ ကြော်ငြာရင်းနဲ့ ကပြဖျော်ဖြေမှုများကို တွေ့ရပါတယ်။ ပွဲဈေးဆိုသည့်အတိုင်း ပစ္စည်း များကို ဈေးလျော့ ရောင်းချတာတွေကိုလည်း တွေ့ရပါတယ်။

ဘုရားသမိုင်း
          မူလ ထပ်လွမ် စေတီတော်ကို (၃)ရာစုတွင် တည်ထား ကိုးကွယ်ခဲ့ကြောင်း လာအိုပြည်သူ ထံမှ သိရှိပါတယ်။ Praya Chanthabury Pasithisak နှင့် ဘုန်းတော်ကြီး (၅)ဦး တို့က ဗုဒ္ဓ၏ နံရိုးတော်ကို ဌာပနာ​၍ တည်ထားခဲ့ပါတယ်။ ၁၃ ရာစု မှာ ပြိုကျ ပျက်စီးခဲ့ပြီး  Khmer ဘုရားအဖြစ် ပြန်လည် တည်ဆောက်ခဲ့ပါသည်။
          ၁၆ ရာစုအလယ်မှာ ဆက်သာသီရတ် (Setthathirat) ဘုရင်ဟာ မြို့တော်ကို လွမ်ပရာဘန်ကနေ ဗီယင်ကျန်းမြို့ကို ပြောင်းရွှေ့ ခဲ့ပြီး ၁၅၆၆ ခုနှစ်မှာ ထပ်လွမ်စေတီကို ဗီယင်ကျန်းမြို့ အလယ်မှ (၄)ကီလိုမီတာခန့် အကွာ ထပ်လွမ်ဘုရားလမ်း အဆုံးမှာ ပြည်လည် တည်ထားစေခဲ့ပါသည်။ အောက်ခြေ အကျယ် (၆၉)မီတာ၊ ဥာဏ်တော်အမြင့် (၄၅)မီတာနဲ့ အရံစေတီ အဆူ (၃၀)ပါဝင်ပါတယ်။
          ၁၈၂၈ ခုနှစ် ထိုင်းနိုင်ငံနဲ့ ဖြစ်ပွားသော စစ်ပွဲတွင် ထပ်လွမ်ဘုရားမှာ များစွာ ပျက်စီးခဲ့ပြီး ၁၉၀၀ ပြည့်နှစ်အထိ ပြုပြင်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ၁၈၆၇ ခုနှစ်တွင် ပြင်သစ် ပိသုကာများက အသေး စိတ် ပုံစံများ ရေးဆွဲပြီး မူလပုံစံအတိုင်း ပြန်လည် ပြုပြင် မွမ်းခဲ့ပါတယ်။ သို့သော်လည်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါဘူး။ ၁၉၃၀ ပြည့်နှစ်မှာ ပြန်လည် တည်ဆောက်ခဲ့ရာ အခုတွေ့မြင်ရတဲ့ ပုံစံအတိုင်း ဖူးမြော် ကြည့်ညိုနိုင်မှာ ဖြစ်ပါတယ်။




ပြီးပါပြီ။